Monday, October 5, 2009

Joke of this week

သာဓု - “အိမ်ထောင်ဆိုတာဘာလဲ”
ပါပု - “အိမ်ထောင်ဆိုတာ အဝိုင်းခံထားရတဲ့ ရဲတိုက်နဲ့တူတယ်။ အထဲရောက်နေတဲ့ လူတွေကအပြင်ကိုထွက်ချင်တယ်။ အဲ အပြင်ကလူတြွေကတော့ အထဲဝင်ဖို့ အားခဲနေကြတယ်”

သာဓု - “လူငယ်တွေဟာ မိန်းမယူပြီးတဲ့နောက်မှ ဆင်ခြင်ဉာဏ် ပိုလာသလား”
ပါပု - “ဆင်ခြင်ဉာဏ်ရှိရင် သူတို့ မိန်းမ မယူဘူး”

သာဓု - “လူပျိုနဲ့ လူအို ဘာကွာသလဲ”
ပါပု - “လူပျိုက အိမ်အလုပ်ကို သူ့ဟာသူလုပ်တယ်၊ လူအိုကတော့ မိန်းမခိုင်းလို့ လုပ်ရတယ်”

သာဓု - “မိန်းမဆိုတာဘာလဲ”
ပါပု - “မိန်းမဆိုတာ နှင်းဆီပန်းပဲ၊ ပွင့်ချပ်တွေကို ချစ်သူ ရည်းစားတွေက ခူးသွားကြတယ်၊ သူယူတဲ့ ယောကျ်ားအတွက် ဆူးပဲ ကျန်တယ်”

သာဓု - “မယားငယ်ဆိုတာ ဘာလဲ”
ပါပု - “အိမ်ခန်းထဲမှာ ထားစရာ နေရာမရှိတဲ့ အဖိုးတန် ပရိဘောဂ”

သာဓု - “မိန်းမတစ်ယောက်ထဲ ယူတဲ့စနစ်နဲ့ မိန်းမနှစ်ယောက် ယူတဲ့စနစ် ဘာကွာသလဲ”
ပါပု - “ဘာမှ အကွာဘူး၊ နှစ်ခုစလုံးမှာ မိန်းမတစ်ယောက် ပိုနေတယ်”

သာဓု - “မိုက်တွင်းနက်ပြီး မိန်းမနဲ့ ကွာရှင်းနိုင်သလား”
ပါပု - “မသိဘူး၊ ဒါပေမယ့် မိုက်တွင်းနက်ပြီး မိန်းမတွေကို တစ်ယောက်ပြီးတစ်ယောက် ကောက်ယူနို်င်တာတော့ အမှန်ပဲ”

သာဓု - “မိန်းမကိုဘာနဲ့ နှိုင်းလို့ ရမလဲ”
ပါပု - “စောင်နဲ့ ၊ ခြုံလိုက်ရင် အိုက်တယ်၊ ဖယ်လိုက်ရင် ချမ်းတယ်”

သာဓု - “အလွန်အကျွံ သတိမေ့ခြင်းဆိုတာ ဘာလဲ”
ပါပု - “နယ်ကပြန်လာတဲ့ ယောကျ်ားက ရွှေဆွဲကြိုးကို မယားကြီးကိုပေးပြီး ညစ်ပတ်နေတဲ့
အဝတ်အစားကို လျှော်ဖွတ်ဖို့ မယားငယ်ကိုပေးခြင်း”

သာဓု - “အကောင်းမြင်သမားဆိုတာ ဘယ်လိုလူမျူိးလဲ”
ပါပု - “အိမ်မှာ ဆေးပေါ့လိပ်တိုကို မြင်တဲ့အခါ မိန်းမလုပ်တဲ့သူ စီးကရက် ဖြတ်လိုက်ပြီလို့ ကောက်ချက်ချတဲ့ ယောကျ်ား”

သာဓု - “ယောကျ်ားနဲ့ မိန်းမ သူတို့ရဲ့ပါတနာတွေကို ဘာကြောင့်လဲသလဲ”
ပါပု - “အမျိုးမျိုးခံစားချင်တဲ့အခါ ယောကျ်ားဟာ မိန်းမကိုလဲတယ်၊ အဲမိန်းမကတော့ ဘာမှမခံစားရတဲ့အခါမှာ ယောကျ်ားကိုလဲတယ်”

သာဓု - “မိန်းမတစ်ယောက်ဟာ မိချောင်းနဲ့ အတူတူနေနိုင်သလား”
ပါပု - “မိချောင်းမှာ ပိုက်ဆံရှိရင်နေမှာပေါ့”

သာဓု - “ငွေသာ ပဓာနဆိုတာ အမှန်ပဲလား”
ပါပု - “မဟုတ်ဘူး၊ အဲဒီငွေရဲ့ အရေအတွက်ကသာ ပဓာန”

သာဓု - “ဘယ်အရာက မိန်းမတစ်ယောက်ကို အလှတိုးစေသလဲ”
ပါပု - “ယောကျ်ားတစ်ယောက်ရဲ့ အစာအိမ်ထဲက ၀ီစကီနှစ်ခွက်”

သာဓု - “ယောကျ်ားတစ်ယောက်ဟာ ဘယ်အချိန်မှာ အင်အားချိနဲ့တဲ့ သဘောကို ခံစားရသလဲ”
ပါပု - “မိန်းမချောတစ်ယောက်က ရှင်အင်မတန်တော်တဲ့ လူပါလားလို့ ချီးကျုးတဲ့အခါမှာ”

သာဓု - “ယောကျ်ား ယူတဲ့မိန်းမတစ်ယောက်ရဲ့ လုပ်ရပ်ကိုဘယ်လို အကဲဖြတ်နိုင်သလဲ”
ပါပု - “ယောကျ်ားအများကြီးရဲ့ အာရုံစိုက်မှုကို ခံရတဲ့ဘဝကို ယောကျ်ားတစ်ယောက်ထဲရဲ့ အာရုံစိုက်မှုကိုခံရတဲ့ဘဝနဲ့ လဲလိုက်ခြင်းပဲပေါ့”

သာဓု - “မိန်းမတစ်ယောက်ရဲ့ ချို့ယွင်းချက် မှန်သမျှကို သိအောင် ဘယ်လိုရမလဲ”
ပါပု - “သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းရှေ့မှာသူ့ကို ချီးမွမ်းကြည့်”

သာဓု - “မိန်းမဖြစ်တဲ့သူကို အံ့သြအောင် ဘာလုပ်ရမလဲ”
ပါပု - “သူ တစ်ချိန်လုံးပူဆာနေတဲ့ စိန်နားကပ်အစား လက်ကိုင်ပဝါတစ်ထည် ၀ယ်ပေးလိုက်”

သာဓု - “မိန်းမဟာ ဓားပြထက်ပိုကြောက်စရာ ကောင်းတယ်လို့ ပြောကြတယ်၊ ဘာကြောင့်လဲ”
ပါပု - “ဓားပြဟာ ပိုက်ဆံအိတ်ကိုပေးမလား၊ ဒါမှမဟုတ် ဘဝကို အဆုံးခံမလားလို့မေးတယ်၊
မိန်းမကတော့ နှစ်ခုစလုံးကို တောင်းတယ်”

သာဓု - “ခြောက်လုံးပြူး နဲ့ စက်သေနတ် ဘာကွာသလဲ”
ပါပု - “စကားပြောနေကြတဲ့အခါမှာ ယောကျ်ားနဲ့မိန်းမ ကွာသလဲလိုပဲပေါ့”

သာဓု - “ဘီယာနဲ့မိန်းမ ဘာကွာသလဲ”
ပါပု - “ဘီယာက ခင်ဗျားဘယ်အချိန် အိမ်ပြန်မလဲဆိုတာ စိတ်မပူဘူး”

သာဓု - “ရုပ်ချော၊ ဉာဏ်ကောင်း၊ ဂရုစိုက်တတ်ပြီး ပိုက်ဆံလည်း ချမ်းသာတဲ့ ယောကျ်ားကို ယူချင်ရင် ဖြစ်မလား”
ပါပု - “ဖြစ်ပါတယ် ဒါပေမယ့် လင်လေးခါယူရမယ်”

သာဓု - “ ဒါနဲ့ ခင်ဗျားရဲ့ ခွေးကို ဘာဖြစ်လို့ ငထုံကြီး”လို့ နာမည်ပေးရတာလဲ”
ပါပု - “လမ်းမှာ ဒီကောင့်ကို ငထုံကြီးခေါ်လိုက်ရင် ယောကျ်ားတွေ အတော်များများ လှည့်ကြည့်ကြတာ အရသာရှိလွန်းလို့”

သာဓု - “ကိုယ့်မိန်းမနဲ့စကားများကြရာမှာ ကိုယ်က အနိုင်ရတယ်ဆိုရင် ဘာလုပ်ရမလဲ“
ပါပု - “ရှင်းရှင်းလေးပဲ သူ့ကို တောင်းပန်လိုက်”

သာဓု - “ဆင်းရဲတဲ့မိန်းကလေးကို ပျော်ရွင်အောင် လုပ်နိုင်သလား”
ပါပု - “လုပ်နိုင်တယ်၊ ဒါပေမယ့် ချမ်းသာတဲ့ မိန်းကလေးကို စိတ်ဆင်းရဲအောင်လုပ်တာ ပိုကောင်းတယ်”

သာဓု - “ပညာနဲ့ အသပြာ ဘယ်ဟာကို ယူသင့်သလဲ”
ပါပု - “ကိုယ့်ဆီမှာ မလုံလောက်တာကို ယူ”

သူငယ်ချင်းတစ်ယောက်ပို့လိုက်တဲ့ မေးလ် ထဲက နှစ်သက်တာနဲ့ပိုစ့်လိုက်တယ်။

2 comments:

မီးမီးချစ် said...

nice

စိုင်းစိုင်း said...

thanks :-)